ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ ပြည်နယ် အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး
ကော်မတီ ဂျေအမ်စီ အနေနဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆.၅)သန်းကို တိုင်းနဲ့ပြည်နယ် အဆင့်နဲ့ ပြည်ထောင်စုအဆင့်တွေမှာ တဝက်လောက်စီ ခွဲသုံးမယ်လို့ ဂျေအမ်စီ ကော်မတီဝင်တဦးဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)အဖွဲ့က ကိုဆလိုင်းယွန်းအောင်က ဘီဘီစီကို ပြောပါတယ်။
အဲဒီငြိမ်းချမ်းရေး ရန်ပုံငွေ ပမာဏရဲ့ သုံးပုံ နှစ်ပုံကို ရရှိထားပြီး အပြည့်အဝရလာရင် အောက်ခြေ တိုင်းနဲ့ ပြည်နယ်အဆင့်က တိုင်းရင်းသား အဖွဲ့တွေအကြား ပဋိပက္ခမဖြစ်ရေးအတွက် ရန်ပုံငွေ တဝက်ကို အရင်သုံးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီ ဂျေအမ်စီဟာ တနိုင်ငံလုံး အပစ်ရပ်ရေး အန်စီအေ စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ တိုက်ပွဲတွေ မဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုလို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်အကြားမှာ ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပါတယ်။
အန်စီအေ လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်မှုတွေ လျော့ကျနေပြီး ဖြစ်ပွားရင်တောင် ပိုပြီး မပြန့်ပွားအောင် ဆောင်ရွက်နိုင်ပေမယ့် အပစ်ရပ် နယ်မြေ တိတိကျကျ သတ်မှတ်တာနဲ့ မိုင်းရှင်းတဲ့ ကိစ္စလို လူသားချင်းစာနာတဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ ဂျေအမ်စီ အဖွဲ့ဝင် တဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)က ဒေါက်တာ ရွှေခါးက ဘီဘီစီကို ပြောပါတယ်။
အခုလို ဂျေအမ်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သုံးမယ့် အမေရိကန်ဒေါ်လာ ၆.၅ သန်းကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဂျေစီဘီက သဘောတူချပေးတာ ဖြစ်ပါတယ်။
ဒီရန်ပုံငွေမှာ ကုလသမဂ္ဂငွေကြေးထောက်ပံ့မှုက တဝက်လောက် ပါဝင်ပြီး ကျန်တဲ့ ငွေကြေးတဝက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့ငွေတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
0 Nhận xét